ပထမပိုင်း	ဂျပန်မှာအလုပ်လုပ်ခြင်း၏ဆွဲဆောင်မှုနှင့် JCWGဟောပြောပွဲမှ ခံစားမိသည့်အရာ

ပထမပိုင်း ဂျပန်မှာအလုပ်လုပ်ခြင်း၏ဆွဲဆောင်မှုနှင့် JCWGဟောပြောပွဲမှ ခံစားမိသည့်အရာ

လွန်ခဲ့သောရက်က “တစ်ချိန်ချိန် ဂျပန်မှာအလုပ်လုပ်ချင်သည်ဟုတွေးတောနေသော သင့်အတွက် ဂျပန်ရောက်နိုင်ငံခြားသားများ၏ ဂျပန်မှာအလုပ်လုပ်ရခြင်းနှင့်ပတ်သက်သည့် စိတ်ရင်းမှန်တွေ့ဆုံဆွေးနွေးပွဲ” အားကျင်းပခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲပုံရိပ်အား မှတ်တမ်းတင်ထားသည့် ဗီဒီရိုထဲတွင် ပွဲဖြစ်မြောက်အောင်ဆောင်ရွက်ပေးသူအဖြစ် ဟော့ကိုင်းဒိုးဆေးပညာတက္ကသိုလ် ဆန်းသစ်စူးစမ်း လေ့လာရေးတိုးမြှင့်မှုစင်တာမှ မစ္စ ယုကို အီတိုး နှင့် ရှီဇူအိုကာစီရင်စုပိုင်တက္ကသိုလ် တွဲဖက်ပါမောက္ခ မစ္စတာ တိုရှိဖုမိ ဆူဇူကီးတို့အားဖိတ်ခေါ်ပြီး ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်လျှက်ရှိသော နိုင်ငံခြားသားများမှ ဂျပန်နိုင်ငံ၏ဆွဲဆောင်မှုနှင့် ဖြေရှင်းသင့်သည့် အခက်အခဲများစသည်တို့ကို အားပါးတရ ဆွေးနွေးပြောကြားထားပါသည်။

Contents:

ပထမပိုင်းတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ နိုင်ငံတစ်ခုချင်းဆီသို့ရည်ရွယ်၍ ကျင်းပခဲ့သည့် သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သားစနစ်ရှင်းလင်းပွဲ “Japan Care Worker Guide (JCWG) အွန်လိုင်းဟောပြောပွဲတွင် အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပေးခဲ့သည့် ဂျပန်တွင်နေထိုင်လျှက် ရှိသော နိုင်ငံခြားသား ၄ဦးအား “ဂျပန်တွင်အလုပ်လုပ်ရခြင်း၏ဆွဲဆောင်မှုနှင့် ဟောပြောပွဲမှ ခံစားခဲ့ရသည့် အကြောင်းအရာ” တို့နှင့်ပတ်သက်၍ ‌မေးမြန်းကြည့်ခဲ့ပါသည်။

မစ္စ အီတိုး : “ဂျပန်ရောက် နိုင်ငံခြားသားများ၏ ဂျပန်မှာအလုပ်လုပ်ရခြင်းနှင့်ပတ်သက်သည့် စိတ်ရင်းမှန် တွေ့ဆုံဆွေးနွေးပွဲ” ပထမပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံသား မစ္စတာ အာဂွန်း၊ ဖိလစ်ပိုင်နိုင်ငံသူ မစ္စ တစ်ဖနီ၊ သီရိလင်္ကာနိုင်ငံသူ မစ္စ တေလီ၊ ဗီယက်နမ်နိုင်ငံသူ မစ္စ ယန်းတို့အားဖိတ်ခေါ်၍ ရှီဇူအိုကာတက္ကသိုလ် ဂျူနီယာကောလိပ်မှ ဆရာဆူဇူကီးနှင့်အတူ ဆွေးနွေးမေးမြန်းသွားချင်ပါတယ်ရှင့်။

ဒီဖက်က လူကြီးမင်း ၄ဦးဟာ ဂျပန်နိုင်ငံတွင်း ပြုစုစောင့်ရှောက်ရေးမဟုတ်တဲ့ နယ်ပယ်မှာ တက်ကြွစွာပါဝင် နေပြီး နိုင်ငံရပ်ခြားအတွက်ရည်ရွယ်ခဲ့တဲ့ “Japan Care Worker Guide (JCWG) အွန်လိုင်းဟောပြောပွဲ” မှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ကြတဲ့သူတွေပဲဖြစ်ပါတယ်။ အားလုံး အခမ်းအနားမှူးအဖြစ် လုပ်ကြည့်ခဲ့တဲ့ ခံစားချက်က ဘယ်လိုများပါလဲ?

 

မစ္စတာ အာဂွန်း(အင်ဒိုနီးရှား): ပထမဆုံးအတွေ့အကြုံဖြစ်တဲ့အတွက် အရမ်းကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်။ ကံကောင်းတာက မိခင်ဘာသာစကားနဲ့ပဲပြောခွင့်ရခဲ့တာဖြစ်လို့ အများကြီးပြောပြပေးနိုင်ခဲ့တဲ့အတွက် တော်သေးတယ်လို့ထင်ပါတယ်။

 

မစ္စ တစ်ဖနီ (ဖိလစ်ပိုင်) : ကျွန်မက အခမ်းအနားမှူးအတွေ့အကြုံရှိခဲ့ဖူးတယ်ဆိုပေမယ့် အွန်လိုင်း ဟောပြောပွဲကတော့ ပထမဆုံးဖြစ်တဲ့အတွက် မိခင်ဘာသာစကားနဲ့ပြောရတယ်ဆိုရင်တောင်မှ စိတ်လှုပ်ရှား နေခဲ့ပါတယ်။ တလွဲတွေမပြောမိအောင် တချိန်လုံးစိုးရိမ်ပူပန်နေခဲ့ရပါတယ်။

 

မစ္စ အီတိုး : JCWG အွန်လိုင်းဟောပြောပွဲမှာ အားလုံးကို “သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သား (SSW)” နဲ့ပတ်သက်ပြီး ရှင်းပြပေးခဲ့ပါတယ်။ ဟောပြောပွဲမတိုင်ခင်ကတည်းက “သတ်မှတ်ထားသော ကျွမ်းကျင်မှုလုပ်သား” အကြောင်းကို သိထားခဲ့ပါသလား?

 

မစ္စ ယန်း(ဗီယက်နမ်): ဗီယက်နမ်ရုပ်သံလိုင်းနဲ့ ဆိုရှယ်မီဒီယာတွေမှာ မိတ်ဆက်ပေးခဲ့တဲ့စနစ်ဖြစ်တာကြောင့် ရှိတာကိုတော့ သိခဲ့ပါတယ်။ အသေးစိတ်အကြောင်းအရာတွေကိုတော့ ဒီဟောပြောပွဲကနေတဆင့် သိရှိခဲ့ရပါတယ်။

 

မစ္စ တေလီ (သီရိလင်္ကာ) : ဂျပန်မှာ “သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သား” ဆိုတဲ့စနစ်ရှိတယ်ဆိုတာကို သိနေခဲ့ပေမယ့် သီရိလင်္ကာမှာ ကျင်းပတဲ့စာမေးပွဲက ကျွန်တော်သိသလောက် လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလောက်က စခဲ့တာဖြစ်လို့ နောက်ဆုံးမှာတော့ ဒေသခံလူတွေကို မိတ်ဆက်ပေးနိုင်ခါစပဲဖြစ်ပါတယ်။

တမဟုတ်ချင်းမှာပဲ ဆိုရှယ်မီဒီယာတွေကတဆင့် မသိတဲ့သူတွေဆီကလည်း ဆက်သွယ်လာတာတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်အထိ မိခင်ဒေသမှာ စာမေးပွဲမကျင်းပနိုင်သေးတဲ့အတွက် တိုက်တွန်းပေးနိုင်တဲ့စနစ် မဟုတ်ခဲ့ပေမယ့် အခုချိန်ထိ ဆိုရှယ်မီဒီယာပေါ်မှာ အားလုံးက “သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သားစနစ်” နဲ့ပတ်သက်ပြီး လေ့လာနေကြပါပြီ။

 

မစ္စ အီတိုး : ဂျပန်မှာတော့ “သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သား” ကိုအစပြုပြီးတော့ အမျိုးမျိုးသော နေထိုင်ခွင့်တွေ ရှိပါတယ်။ ပြုစုစောင့်ရှောက်ရေးအလုပ်မှာ တာဝန်ထမ်းဆောင်နေရင်းနဲ့ အရည်အချင်းတွေ တိုးတက်လာဖို့ ရည်ရွယ်ထားကြတဲ့သူတွေလည်း အများကြီးရှိလိမ့်မယ်လို့ထင်ပါတယ်။ ဆရာ ဆူဇူကီး ဘယ်လိုများထင်ပါသလဲရှင့်?

 

မစ္စတာ ဆူဇူကီး : ကျွန်တော်က ပြုစုစောင့်ရှောက်ရေးဆိုင်ရာ လူမှုဖူလုံရေးဝန်ထမ်းတွေမွေးထုတ်ရေးနဲ့ ပြုစုစောင့်ရှောက်ရေးဝန်ထမ်းများရဲ့ လေ့ကျင့်သင်ကြားရေးကို လုပ်ဆောင်နေတဲ့အတွက် “သတ်မှတ်ထားသော ကျွမ်းကျင်မှုလုပ်သား” စနစ်ကို အသုံးချနေတဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့အခွင့်အလမ်း များပါတယ်။ ပြုစုစောင့်ရှောက်ရေးဆိုင်ရာ လူမှုဖူလုံရေးဝန်ထမ်းဆိုတာ နိုင်ငံတော်အဆင့်လက်မှတ်ရ ဖြစ်တဲ့အတွက် ရယူထားခြင်းအားဖြင့် နေထိုင်ခွင့်အမျိုးအစားမှာ “ပြုစုစောင့်ရှောက်ရေး” အဖြစ် (ပြည်တွင်းမှာ) အချိန်ပိုကြာရှည်စွာ အလုပ်လုပ်နိုင်လာမှာဖြစ်ပါတယ်။ နောက်တဆင့်တက်ဖို့အတွက် မျှော်လင့်လို့ရတာပေါ့နော်။

 

မစ္စ အီတိုး : ဒုတိယပိုင်းမှာ “သတ်မှတ်ထားသောကျွမ်းကျင်မှုလုပ်သား” နဲ့ “နိုင်ငံခြားသား အလုပ်သင်” ဆိုတဲ့ စနစ်တွေကိုအသုံးချပြီး ပြုစုစောင့်ရှောက်ရေးလုပ်ငန်းခွင်တွေမှာ တက်ကြွစွာလုပ်ဆောင်နေကြတဲ့သူတွေရဲ့ စကားသံကို မေးမြန်းကြည့်မှာဖြစ်ပါတယ်။ မစ္စတာ အာဂွန်းက အွန်လိုင်းဟောပြောပွဲမှာ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြတဲ့နိုင်ငံခြားသားတွေရဲ့ အနေအထားကို ကြည့်မြင်ခဲ့ရတယ်ဆိုတော့ ဘယ်လိုများ တွေးထင်မိခဲ့ပါသလဲ။

 

မစ္စတာ အာဂွန်း(အင်ဒိုနီးရှား) : အိုကာယာမစီရင်စုရဲ့ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ မစ္စ အာယုနဲ့ စကားတွေအများကြီး ပြောဖြစ်ခဲ့ပါတယ်။ သူမက ကျောင်းတွေဘာတွေမှာမဟုတ်ဘဲ ကိုယ်တိုင် လေ့လာပြီး ဂျပန်ဘာသာစကားကိုသင်ယူခဲ့တာဖြစ်ပြီးတော့ တစ်နှစ်အတွင်းမှာ ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ N2 (ဂျပန်ဘာသာနဲ့ discussion လုပ်နိုင်တဲ့အဆင့်) ကို အောင်မြင်ခဲ့တယ်လို့ဆိုတာကြောင့် တကယ်ကို တော်လိုက်တာလို့ထင်မိပါတယ်။ ကိုယ့်အတွက်သာမက မိသားစုအတွက် ဂျပန်ကိုလာခဲ့တယ် ဆိုတဲ့အချက်ကြောင့်လည်း ရင်ထဲကိုထိသွားစေခဲ့ပါတယ်။

 

မစ္စ အီတိုး : ဒုတိယပိုင်းမှာ မစ္စ အာယုလည်းပါဝင်လာမှာဖြစ်တဲ့အတွက် ပြန်လည်ပြီး မေးမြန်းသွားချင်ပါတယ်။ အဲဒါဆိုရင် လူကြီးမင်းတို့အားလုံးကနေ “ဂျပန်မှာအလုပ်လုပ်ခြင်း၏ဆွဲဆောင်မှု” နဲ့ပတ်သက်ပြီး မိတ်ဆက်ပြောကြားပေးလို့ ရနိုင်မလားရှင့်။

 

မစ္စ တစ်ဖနီ (ဖိလစ်ပိုင်) : လုပ်ငန်းအမျိုးအစားပေါ်မှာမူတည်ပြီး ကွဲပြားကြတယ်ဆိုတာတော့ ပြောဖို့တောင် မလိုဘူးဆိုပေမယ့် မိခင်နိုင်ငံနဲ့ယှဉ်ကြည့်လိုက်ရင် လစာမြင့်မားတယ်ဆိုတာက ကြီးမားတာပေါ့နော်။ အလွန်အကျွံဇိမ်ခံတာမျိုးတွေမလုပ်သရွေ့ နေထိုင်ရေးမှာပူပင်စရာမရှိဘူးလို့ထင်ပါတယ်။ နောက်ပြီး ဂျပန်လုပ်ငန်းတွေက ဝန်ထမ်းတော်တော်များများဟာ နယ်ပယ်စုံကျွမ်းကျင်ကြတဲ့သူတွေဆို‌တော့ အထူးသဖြင့် ကျောင်းပြီးခါစသူတွေအတွက် လေ့လာသင်ယူစရာအခွင့်အလမ်းတွေ အများကြီးရှိလိမ့်မယ်လို့ထင်ပါတယ်။ နှစ်ဝက် တစ်နှစ်လောက်နဲ့ အလုပ်ပြောင်းရွှေ့တာမျိုးတွေလည်းလုပ်လို့ရတော့ အရည်အချင်းတွေ တက်လာဖို့လည်း လွယ်ကူတာပေါ့နော်။

 

မစ္စ တေလီ (သီရိလင်္ကာ) : ကျွန်မက အခုချိန်အထိ ကုမ္ပဏီနှစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးပေမယ့် နိုင်ငံခြားသားဆိုပြီး ခွဲခြားဆက်ဆံတာမျိုးတွေကို မခံစားဖူးတဲ့အပြင် သူတို့ဖက်ကတောင် ပြန်ပြီးကူညီပေးခဲ့တာတွေချည်းပါပဲ။ ဂျပန်နိုင်ငံရဲ့ဥပဒေနဲ့ ဂျပန်လူမျိုးတွေရဲ့လုပ်ထုံးလုပ်နည်းတွေကို လေးစားလိုက်နာနေသရွေ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ရှိလာမှာမဟုတ်ဘူးလို့ထင်ပါတယ်။ လုံခြုံစိတ်ချရတဲ့နိုင်ငံဖြစ်ပြီးတော့ ဘဝတက်လမ်းအတွက်ရည်မှန်းရင်း နေ့စဉ်ဘဝကိုရှင်သန်နေထိုင်သွားနိုင်တယ်ဆိုတဲ့အချက်က အတော့်ကို ကြီးမားတဲ့အားသာချက်တစ်ခုဖြစ်တယ်လို့ ထင်ပါတယ်။

 

မစ္စ ယန်း(ဗီယက်နမ်) : ဂျပန်နိုင်ငံရဲ့လူ့ဘောင်အဖွဲ့အစည်းက အမျိုးသမီးတွေအတွက် အလုပ်လုပ်ရ လွယ်ကူတယ်လို့ထင်ပါတယ်။ လိုက်နာခြင်းကလည်း တိတိကျကျရှိတဲ့အပြင် လူမှုဖူလုံရေးစနစ်လည်း ပြီးပြည့်စုံပါတယ်။ အာမခံစနစ်လည်းစုံလင်နေပြီး ကင်ဆာစစ်ဆေးမှုကိုလည်း အခမဲ့ခံယူနိုင်ပါတယ်။ ဗီယက်နမ်နဲ့ယှဉ်ကြည့်ရင် ရုံးပိတ်ရက်တွေလည်းများတဲ့အပြင် မီးဖွားခွင့်နဲ့ ကလေးပြုစုစောင့်ရှောက်ခွင့် စနစ်လည်း ပြည့်ဝစုံလင်နေပါတယ်။

 

မစ္စ အီတိုး : ပြည်တွင်းမှာရှိတဲ့ အမျိုးသမီးတွေဆီက အမျိုးသမီးတွေအတွက် အလုပ်လုပ်ရခက်ခဲနေသေးတယ်ဆိုတဲ့ စကားသံတွေကိုလည်းကြားနေရပေမယ့် နိုင်ငံခြားသားတွေအနေနဲ့ အခုလို ခံစားရတာပေါ့နော်။ အမျိုးသား အမျိုးသမီးတန်းတူ အလုပ်လုပ်ရလွယ်ကူစေမယ့် ဖွဲ့စည်းပုံတွေကိုတည်ဆောက်ဖို့အတွက် လုပ်ဆောင်ချက်တွေကတော့ နောက်ထပ်ဆက်လက်ပြီး ဆောင်ရွက်မနေလို့တော့ မဖြစ်ဘူးပေါ့နော်….။

 

မစ္စတာ ဆူဇူကီး : ဂျပန်မှာအလုပ်လုပ်ရာမှာ နိုင်ငံခြားသားတွေအနေနဲ့ခံစားရတဲ့ စိုးရိမ်ပူပန်မှုတွေကို အားလုံးက ကိုယ်စားပြုပေးခဲ့ကြပါတယ်။ လစာဆိုတဲ့အပိုင်းကတော့အထူးပြောစရာပင်မလို၊ နိုင်ငံခြားသားတွေအတွက် အလုပ်လုပ်ရလွယ်ကူတဲ့နေရာ ဟုတ်လားမဟုတ်လားဆိုတာကို အသိချင်ဆုံးပေါ့နော်။ ဂျပန်နိုင်ငံမှာဆိုရင် ဝန်ထမ်းလေ့ကျင့်သင်ကြားရေး၊ ဝန်ထမ်းလေ့လာရေးစတဲ့ “အလုပ်တက်လမ်း” နဲ့ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်နေကြတယ်ဆိုပေမယ့် အခုထိတော့ လမ်းတစ်ဝက်တစ်ပျက်မှာပဲ ရှိပါသေးတယ်။ နိုင်ငံခြားသားတွေအတွက်လည်း အလုပ်လုပ်ရလွယ်ကူစေမယ့် ဝန်းကျင်တစ်ခုကို တည်ဆောက်သွားဖို့ကလည်း အရေးကြီးတာပေါ့နော်။

 

မစ္စ အီတိုး : ကျေးဇူးတင်ပါတယ်။ ပထမပိုင်းမှာတော့ “ဂျပန်မှာအလုပ်လုပ်ခြင်း၏ဆွဲဆောင်မှုနှင့် JCWGဟောပြောပွဲမှ ခံစားမိသည့်အရာ” နဲ့ပတ်သက်ပြီး ဆွေးနွေးမေးမြန်းခဲ့ပါတယ်။ ပထမပိုင်းမှာ ပါဝင်တင်ဆက်ပေးခဲ့သူအားလုံးကို တတိယပိုင်းမှာလည်း ပြန်လည်ဖိတ်ခေါ်သွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ပေးကြပါဦးရှင့်။ ဒါဆိုရင် ဒုတိယပိုင်းမှာ ပြန်လည်ဆုံတွေ့ကြပါစို့။

 

ဤဆောင်းပါးတွင် တွေ့ဆုံဆွေးနွေးပွဲ၏ပုံရိပ်များကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုမှ အကြောင်းအရာ တစိတ်တဒေသကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ဗီဒီယိုထဲတွင် ဒီအကြောင်းအရာများအပြင် ဂျပန်ရောက်နိုင်ငံခြားသားများမှ ဂျပန်ကိုလာရောက်ခဲ့သည့်အကြောင်းရင်း၊ ဂျပန်ကိုရောက်လာပြီးနောက် ထင်မြင်ချက်စသည်တို့နှင့်ပတ်သက်သည့် ဆွေးနွေးမှုအကြောင်းအရာများကို မှတ်တမ်းတင်ထားပါသည်။ အပြည့်အစုံအား အောက်တွင်ကြည့်ရှုပါ။