တတိယပိုင်း “အနာဂတ် – အတွေးအမြင်နှင့် ပတ်သက်၍”

တတိယပိုင်း “အနာဂတ် – အတွေးအမြင်နှင့် ပတ်သက်၍”

လွန်ခဲ့သောရက်က “တစ်ချိန်ချိန် ဂျပန်မှာအလုပ်လုပ်ချင်သည်ဟုတွေးတောနေသော သင့်အတွက် ဂျပန်ရောက်နိုင်ငံခြားသားများ၏ ဂျပန်မှာအလုပ်လုပ်ရခြင်းနှင့်ပတ်သက်သည့် စိတ်ရင်းမှန်တွေ့ဆုံဆွေးနွေးပွဲ” အားကျင်းပခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲပုံရိပ်အား မှတ်တမ်းတင်ထားသည့် ဗီဒီရိုထဲတွင် ပွဲဖြစ်မြောက်အောင်ဆောင်ရွက်ပေးသူအဖြစ် ဟော့ကိုင်းဒိုးဆေးပညာတက္ကသိုလ် ဆန်းသစ်စူးစမ်း လေ့လာရေးတိုးမြှင့်မှုစင်တာမှ မစ္စ ယုကို အီတိုး နှင့် ရှီဇူအိုကာစီရင်စုပိုင်တက္ကသိုလ် တွဲဖက်ပါမောက္ခ မစ္စတာ တိုရှိဖုမိ ဆူဇူကီးတို့အားဖိတ်ခေါ်ပြီး ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်လျှက်ရှိသော နိုင်ငံခြားသားများမှ ဂျပန်နိုင်ငံ၏ဆွဲဆောင်မှုနှင့် ဖြေရှင်းသင့်သည့် အခက်အခဲများစသည်တို့ကို အားပါးတရ ဆွေးနွေးပြောကြားထားပါသည်။

Contents:

ဗီဒီယို၏ အဆုံးသတ်ကန့်လန်ကာချမည့် တတိယပိုင်းမှာတော့ ပထမပိုင်း၊ ဒုတိယပိုင်းတို့တွင် ပါဝင်တင်ဆက်ပေးခဲ့သည့် ဂျပန်ရောက်နိုင်ငံခြားသား ၁၁ဦးတို့အား “အနာဂတ် – အတွေးအမြင်နှင့်ပတ်သက်၍” ဟူသောခေါင်းစဉ်ဖြင့် ပြန်လည်ဆွေးနွေးမေးမြန်းထားပါသည်။

မစ္စ အီတိုး : အားလုံးပဲ မင်္ဂလာပါရှင်။ “ဂျပန်ရောက်နိုင်ငံခြားသားများ၏ ဂျပန်မှာ အလုပ်လုပ်ရခြင်းနှင့်ပတ်သက်သည့် စိတ်ရင်းမှန် တွေ့ဆုံဆွေးနွေးပွဲ” တတိယပိုင်းမှာတော့ ပထမပိုင်း၊ ဒုတိယပိုင်းမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ နိုင်ငံခြားသားလူကြီးမင်းများကို ဆက်လက်ပါဝင်တင်ဆက်စေပြီး ဆရာ မစ္စတာ တိုရှိဖုမိ ဆူဇူကီးနဲ့တကွ “အနာဂတ်” – ရှေ့ရေးအတွေးအမြင်နဲ့ပတ်သက်ပြီး မေးမြန်းကြည့်ကြပါစို့။

အရင်ဆုံး အခုအချိန်အထိ အားလုံးက ဂျပန်မှာအလုပ်လုပ်လာခဲ့တဲ့အထဲမှာ “ဒီဟာက တစ်မျိုးကြီးပဲ” “ဒီဟာကိုတော့ ပြောင်းလဲပေးစေချင်တယ်” လို့ ခံစားမိတဲ့အရာတွေရှိရင် ပြောပြပေးစေချင်ပါတယ်။

 

မစ္စ တစ်ဖနီ (ဖိလစ်ပိုင်) : ဂျပန်မှာက အချိန်ပိုဆင်းရတာလည်းများပြီး အစည်းအဝေးတွေလည်း ခဏခဏရှိတယ်ဆိုပေမယ့် ဒီထက်ပိုပြီးအကျိုးသက်ရောက်မှုရှိရှိနဲ့ အလုပ်လုပ်လို့ရတယ်မဟုတ်ဘူးလားလို့ တွေးမိပါတယ်။ ကိုရိုနာကပ်ရောဂါကြီး ပြီးဆုံးသွားပြီဆိုရင်တောင် တတ်နိုင်သလောက် နေအိမ်ကနေ အလုပ်လုပ်လို့ရတဲ့ Telework ကို ဆက်လက်လုပ်‌ဆောင်တာတို့၊ အလုပ်ချိန်ရွေးချယ်လို့ရတဲ့စနစ်ဖြစ်တဲ့ Flextime Working System ကို မိတ်ဆက်အသုံးပြုတာတို့စတဲ့ ပြုပြင်ပြောင်းလဲလို့လွယ်တဲ့ပုံစံမျိုးနဲ့ အလုပ်နဲ့ကိုယ်ပိုင်ဘဝဟန်ချက်ညီမျှမှုကို တိုးတက်ပြောင်းလဲစေချင်ပါတယ်။ အမျိုးသမီးတွေနဲ့ ခန္ဓာကိုယ် မသန်စွမ်းတဲ့သူတွေက ပိုပြီးလုပ်ကိုင်ရလွယ်ကူစေမယ့် ဝန်းကျင်တစ်ခုကိုသာတည်ဆောက်နိုင်မယ်ဆိုရင် ဂျပန်လုပ်ငန်းတွေက ပိုပြီးတော့ ဆွဲဆောင်မှုရှိရှိနဲ့ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။

 

မစ္စ လာ့ဗလီး (ဖိလစ်ပိုင်) : ဂျပန်မှာက အလုပ်စွဲနေတဲ့သူတွေ ဖြစ်နေကြတာများပါတယ်။ ဂျပန်လူမျိုးတွေသာမက ဂျပန်မှာအလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေလည်း ဘယ်လုပ်ငန်းအမျိုးအစားမှာမဆို အဲဒီလို ဖြစ်တတ်ကြတာပေါ့နော်။

 

မစ္စ စတဲလ်လာ (ဖိလစ်ပိုင်) :  ကျွန်မအလုပ်လုပ်နေတဲ့ နာဂါနိုစီရင်စုမှာဆိုရင် အလုပ်က ညဥ့်နက်တဲ့အထိ ကြာသွားပြီဆိုရင် အိမ်အပြန်မှာ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ်တွေမရှိတော့တာမျိုးရှိပါတယ်။ ဂျပန်ကိုရောက်ခါစ နိုင်ငံခြားသားတော်တော်များများမှာ ကားမရှိတာကြောင့် အခက်တွေ့နိုင်တာပေါ့နော်။ မိခင်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာဆိုရင် ဂျစ်ပနီ (အများသုံးတက္ကစီ) တွေက တနေကုန်ပတ်သွားနေတာမလို့ အဆင်ပြေတာပေါ့နော်…..။

 

မစ္စ ယန်း (ဗီယက်နမ်) :  ပြောရမယ်ဆိုရင် “Nominication” (သောက်ရင်းစားရင်း ပေါင်းသင်းဆက်ဆံရေး) ဆိုတာက တမျိုးကြီးပဲ။ အလုပ်ကိစ္စဆက်နွယ်မှုမှာ ကိုယ်ရေးကိုယ်တာတွေ ရောထွေးသယ်လာတဲ့ အလေ့အထက နားလည်ဖို့ခက်ပါတယ်။ ကျွန်မတို့လည်း ပွဲတွေပါတီတွေလိုအချိန်မျိုးမှာ အားလုံးနဲ့အတူတူ ပျော်ရွှင်တတ်ကြတယ်ဆိုပေမယ့် အဲဒါကြီးက အပတ်တိုင်းသာဖြစ်မယ်ဆိုရင်တော့……။

 

မစ္စတာ ဆူဇူကီး :  ဂျပန်မှာက စိတ်ရင်းအမှန်နဲ့ စကားပြောကြတဲ့နေရာအဖြစ် “Nominication” ကို တန်ဖိုးထားတတ်ကြပေမယ့် “အလုပ်လုပ်ကိုင်ပုံ” နဲ့အတူ “ကိုယ်ပိုင်အချိန်” ကို အရမ်း အလေးထားကြတဲ့ နိုင်ငံခြားသားအားလုံးအတွက်ကတော့ အသားကျဖို့ခက်ခဲနေမှာပေါ့နော်။ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်ရော မစ္စအီတိုးရော အလုပ်စွဲတဲ့သူတွေ ဖြစ်ချင်ဖြစ်နေမလားမသိဘူးဗျ။

 

မစ္စလင်း (ဗီယက်နမ်) : “တမျိုးကြီးပဲ” ရယ်လို့တော့မဟုတ်ပေမယ့် ရေပိုက်လိုင်းကရေကို အဲဒီအတိုင်း သောက်လို့ရတယ်ဆိုတာကိုတော့ အံ့အားသင့်မိခဲ့ပါတယ်။ ဗီယက်နမ်မှာဆိုရင် ကျိုချက်ပြီး မသောက်လို့မရဘူးဆိုတော့လေ။

 

မစ္စ ဟွိုင်း (ဗီယက်နမ်) : ဂျပန်မှာ အလိုအလျောက်အရောင်းစက်တွေ တကယ့်ကိုများတာပဲနော်။ သောက်စရာတင်သာမက အမျိုးအစားမျိုးစုံရှိတာကိုတော့ အံ့ဩမိခဲ့ပါတယ်။

 

မစ္စအီတိုး : မွေးကတည်းက ဂျပန်မှာကြီးပျင်းလာခဲ့တာဆိုရင် မသိနိုင်ပေမယ့် နိုင်ငံရပ်ခြားကသူတွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ သေချာပေါက် သီးခြားယဉ်ကျေးမှုတစ်ရပ်ရှိနေတာပေါ့နော်။ ဒါဆိုရင် အားလုံးရဲ့ အနာဂတ်၊ စိတ်ကူးအမြင်နဲ့ပတ်သက်ပြီး မေးမြန်းသွားချင်ပါတယ်။ အားလုံးက ဒီအတိုင်းဂျပန်မှာပဲ အလုပ်ဆက်လုပ်သွားချင်သလား၊ ဂျပန်မှာရခဲ့တဲ့အတွေ့အကြုံတွေကိုအသုံးချ မိခင်နိုင်ငံပြန်ပြီး တက်တက်ကြွကြွပါဝင်လှုပ်ရှားချင်သလားဆိုရင် ဘာဟာဖြစ်ပါလိမ့်မလဲ?

 

မစ္စတာ အာဂွန်း (အင်ဒိုနီးရှား) : ကျွန်တော်က ဂျပန်နိုင်ငံကိုအရမ်းသဘောကျပေမယ့် ဂျပန်မှာသင်ခဲ့တဲ့အရာတွေကို အင်ဒိုနီးရှားကိုယူဆောင်သွားပြီး ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်ချင်တာကတော့ ကျွန်တော့အိပ်မက်ပါ။ ဂျပန်မှာ နိုင်ငံခြားသားတွေအတွက်ရည်ရွယ်တဲ့ ဧည့်လမ်းညွှန်အဖြစ်လုပ်နေတဲ့အတွက် နိုင်ငံကိုပြန်သွားပြီးရင်တော့ ခရီးသွားကုမ္ပဏီလေးတစ်ခု တည်ထောင်ချင်တာပေါ့နော်။ နောက်ပြီး ဂျပန်မှာ နိုင်ငံခြားသားအလုပ်သင်တွေကို လက်ခံပေးတဲ့စနစ်လည်းရှိတဲ့အတွက် ဂျပန်ကိုသွားဖို့အတွက် လေ့လာသင်ယူနေတဲ့ အင်ဒိုနီးရှားလူမျိုးတွေကို စေလွှတ်ပေးတဲ့အဖွဲ့အစည်းဆိုရင်လည်း အနာဂတ်မှာ အလားအလာရှိတယ်လို့ထင်ပါတယ်။ သေချာပေါက် သူဌေးဖြစ်မှာပါ။ (ရယ်လျှက်)

 

မစ္စ အာယု (အင်ဒိုနီးရှား) : ကျွန်မလည်း တချိန်ချိန်မှာတော့ အင်ဒိုနီးရှားကိုပြန်ဖို့ စိတ်ကူးထားပါတယ်။ ဂျပန်ဘာသာစကားသင်တန်းကျောင်းရဲ့ ဆရာမ ဒါမှမဟုတ် စကားပြန်လုပ်ပေးနိုင်မယ့် ဧည့်လမ်းညွှန် ဖြစ်ချင်တယ်လို့ တွေးထားပါတယ်။

 

မစ္စ တေလီ (သီရိလင်္ကာ) : ကျွန်မကတော့ ဂျပန်မှာ နေထိုင်သွားမယ်လို့ဆုံးဖြတ်ထားပါတယ်။ စတင်ခဲ့တာ လေးလမြောက်ဖြစ်တဲ့ အခုအလုပ်က တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကလည်း အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။ အဲဒီမတိုင်ခင်အထိ လေးနှစ်လောက် ခရီးသွားနဲ့ပတ်သက်တဲ့အလုပ်ကို လုပ်နေခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရောဂါရဲ့ရိုက်ခတ်မှုကြောင့် အလုပ်နားထားရပြီး သက်မွေးမှုအလုပ် လုံးလုံးလျားလျားရပ်တန့်နေခဲ့ရတာပါ။ ဒီတိုင်းဆိုရင်မဖြစ်တော့ဘူးလို့တွေးမိပြီး အလုပ်သစ်ကို ရှာခဲ့ပေမယ့်လည်း ရှိပြီးသားအတွေ့အကြုံတွေကို အသုံးချလို့ရမယ့်အလုပ်မျိုးက ရှိမနေခဲ့ပါဘူး။ အဲဒီမှာ ယတိပြတ်စဉ်းစားပြီး လုံးဝအသစ်ဖြစ်တာတွေကို စိန်ခေါ်ကြည့်ခဲ့တာဟာ ခုဆို ကုန်သွယ်မှုအလုပ်ကို လုပ်ကိုင်နေပါတယ်။ သုညနီးပါးလောက်ကနေ စိန်ခေါ်ပြီးလုပ်နေတယ်ဆိုပေမယ့် ဂျပန်လူမျိုး ဝန်ထမ်းတွေအားလုံးက ကျွန်မကို ကူညီပံ့ပိုးပေးနေကြတာမို့ တတ်နိုင်သလောက်ကြာကြာ လုပ်ကိုင်သွားချင်ပါတယ်။

 

မစ္စအီတိုး : အားလုံးက ဆိုးရွားလှတဲ့ ကိုရိုနာကပ်ရောဂါကြီးရှိနေတာတောင် လမ်းအသစ်တွေချဲ့ထွင်နိုင်တဲ့ စွမ်းအားတွေပြည့်စွမ်းနေတာကိုတော့ ချီးကျူးလေးစားလို့မဆုံးပါဘူး။ ဇွဲမလျော့စတမ်း ဘဝတက်လမ်းကို ရည်မှန်းကြတဲ့ပုံရိပ်ဟာလည်း ဂျပန်မှာအလုပ်လုပ်ချင်တယ်လို့တွေးတောနေကြတဲ့သူတွေအတွက် ကြီးမားတဲ့ အားပေးတိုက်တွန်းမှုတစ်ခုဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

 

မစ္စ အာရှိနီ (သီရိလင်္ကာ) : ကျွန်မကတော့ သီရိလင်္ကာကိုပြန်သွားပြီး ဘိုးဘွားဂေဟာတည်ထောင်ပြီးတော့ မိဘတွေနဲ့အတူတူနေထိုင်သွားချင်တယ်လို့ တွေးထားပါတယ်။

 

မစ္စ စည်သူမီနီ (သီရိလင်္ကာ) : ကျွန်မကတော့ ပြုစုစောင့်ရှောက်ရေးကို ဆက်လက်သင်ယူပြီး ဂျပန်မှာ အလုပ်ဆက်လုပ်သွားချင်ပါတယ်။ ဂျပန်နိုင်ငံက လုံခြုံဘေးကင်းပြီး နေထိုင်ရအဆင်ပြေတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်တာကြောင့်ပေါ့နော်။

 

မစ္စတာ ဆူဇူကီး : နိုင်ငံအသီးသီးကပုဂ္ဂိုလ်တွေ ပြုစုစောင့်ရှောက်ရေးနယ်ပယ်မှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတာဟာ တကယ့်ကို ဝမ်းမြောက်စရာကောင်းလှပါတယ်။

 

မစ္စအီတိုး : ကဲ… အပိုင်း ၃ပိုင်းနဲ့တင်ဆက်ပေးခဲ့တဲ့ “ဂျပန်ရောက်နိုင်ငံခြားသားများ၏ ဂျပန်မှာ အလုပ်လုပ်ရခြင်းနှင့်ပတ်သက်သည့် စိတ်ရင်းမှန်ဆွေးနွေးပွဲ” ဟာဆိုရင် မကြာခင် ပြီးဆုံးတော့မှာဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့ ဆရာဆူဇူကီးမှ အနှစ်ချုပ်အမှာစကားပြောကြားပေးစေလိုပါတယ်ရှင့်။

 

မစ္စတာ ဆူဇူကီး : အားလုံးပဲ ကျေးဇူးတင်ပါတယ်။ အလုပ်လုပ်ရတဲ့အကြောင်းအရာဆိုတာထက် “အလုပ်လုပ်ပုံလုပ်နည်း” နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ တော်တော်လေးများခဲ့တာကတော့ အထင်ကြီးစရာပါပဲ။ “နေထိုင်ပုံနေထိုင်နည်း” အကြောင်းအရာက အတွဲလိုက်ဖြစ်နေတာကလည်း ထူးခြားမှုတစ်ခုပါလားလို့ ထင်မိပါတယ်။

နောက်ပြီး တချိန်ချိန်မှာ မိခင်နိုင်ငံကိုပြန်မယ်လို့ တွေးနေကြသူတွေလည်း ရှိခဲ့ပါတယ်။ ဒီအတိုင်း အလုပ်လုပ်တဲ့နေရာကို ပြောင်းလိုက်ရုံလေးပဲဆိုတဲ့ အတွေးအခေါ်မျိုးမဟုတ်ဘဲ ဂျပန်မှာသင်ယူခဲ့တဲ့ နည်းပညာတွေကို မိခင်နိုင်ငံဆီကို ကူးပြောင်းတဲ့ “ချိတ်ဆက်မှု” တာဝန်ကိုလည်းထမ်းဆောင်ချင်တယ်ဆိုတဲ့ တက်လမ်းကိုရှေးရှုတဲ့ စိတ်နေစိတ်ထားလေးတွေပိုင်ဆိုင်ထားကြတာကလည်း အရမ်းကို တက်တက်ကြွကြွရှိတဲ့ စိတ်ထားပဲဖြစ်ပါတယ်။

 

မစ္စ အီတိုး : ကျွန်မလည်း သူတို့အားလုံးပြောကြတာကို နားထောင်မိတိုင်းမှာ လူအမျိုးမျိုးနဲ့ ထိတွေ့ဆက်ဆံနေရတဲ့အထဲမှာ တကယ့်ကို ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကိုင်နေကြတာပါလားလို့ ဝမ်းသာတဲ့ စိတ်မျိုးဖြစ်မိပါတယ်။ နောက်များမှာလည်း နိုင်ငံခြားသားတွေနဲ့အတူတူအလုပ်လုပ်ရင်း ဂျပန်နိုင်ငံရဲ့ အနာဂတ်ကို စဉ်းစားသွားချင်ပါတယ်။

 

ဤဆောင်းပါးတွင် ဆွေးနွေးပွဲ၏ပုံရိပ်များကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုမှ အကြောင်းအရာ တစိတ်တဒေသအား မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ဗီဒီယိုထဲတွင် ဂျပန်ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်ပတ်သက်၍ ဂျပန်ရောက်နိုင်ငံခြားသားများမှ နက်နက်နဲနဲပိုမိုတူးဖော်၍ ဆွေးနွေးထားပါသည်။ အပြည့်အစုံအား အောက်တွင် ကြည့်ရှုပါ။