ဂျပန်နိုင်ငံ၏ နယ်မြို့လေးများ

ဂျပန်နိုင်ငံ၏ နယ်မြို့လေးများ

တီဗီ၊ မဂ္ဂဇင်းနှင့် ဝက်ဘ်ဆိုဒ်စသည်တို့မှတဆင့် ဂျပန်နိုင်ငံ၏သတင်းများကို စုဆောင်းနေကြသူလည်း များပြားလိမ့်မည်ဟုထင်ပါသည်။ ဂျပန်နိုင်ငံသည် ကျွန်းစုနိုင်ငံဖြစ်ပြီး တောင်မှမြောက်သို့ အလွန် ရှည်လျားသည့်နိုင်ငံဖြစ်ပါသည်။ တိုကျိုနှင့်အိုဆာကာကဲ့သို့သော မြို့ကြီးပြကြီးများအကြောင်းကို ကောင်းစွာသိရှိထားပြီးကြသော်လည်း နယ်ဒေသများတွင်လည်း အမှန်တကယ်ပင် အလွန်သာယာ လှပသည့်မြို့များနှင့် နာမည်ကြီးလည်ပတ်စရာနေရာအများအပြားရှိပါသေးသည်။ ထို့အပြင် ဂျပန် နိုင်ငံ၏မြို့များသည် ပင်လယ်နှင့်တောင်များကာရံထားသည့်အတွက် နယ်များသို့သွားပါက အရသာရှိသောငါးနှင့် ဒေသအစားအစာများကို မြည်းစမ်းကြည့်နိုင်ပါသည်။ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင် မည်ဆိုလျှင် မြို့ပြကြီးများကိုမြင်ယောင်နေမိကြမည်ဆိုသော်လည်း ဒီတစ်ကြိမ်တွင်တော့ ဂျပန်နိုင်ငံ နယ်မြေဒေသများ၏ ဆွဲဆောင်မှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံတွင်အလုပ်လုပ်ခဲ့သည့် အတွေ့အကြုံရှိသောနိုင်ငံခြားသားများထံ စစ်တမ်းကောက်ယူခြင်းနှင့် အင်တာဗျူးမေးမြန်းခြင်းတို့ ပြုလုပ်ကာ မေးမြန်းကြည့်ခဲ့ပါသည်။

Contents:

တောင်မြောက်ရှည်လျားသော ဂျပန်နိုင်ငံ၏ မြေမျက်နှာသွင်ပြင်

ဂျပန်နိုင်ငံသည် တောင်မှမြောက်သို့ရှည်လျားသော မြေမျက်နှာသွင်ပြင်ရှိပါသည်။ အံဩဖွယ်ကောင်း သည်မှာ တောင်ဖက်အစွန်ဆုံးအပိုင်းသည် အပူပိုင်းဒေသတွင်တည်ရှိပြီး မြောက်ဖက်အစွန်ဆုံး အပိုင်းသည် အအေးပိုင်းဒေသတွင်တည်ရှိပါသည်။ ထို့အတွက်ကြောင့် အနွေးထွေးဆုံးဖြစ်သော အိုခီနာဝါ၊ အအေးဆုံးဖြစ်သော ဟိုကိုင်းဒိုးနှင့် ကုန်းတွင်းပိုင်းဒေသများ၏ တစ်နှစ်တာပျမ်းမျှ အပူချိန်သည် ၁၅ ဒီဂရီစင်တီဂရိတ်နှင့်အထက်ကွာဟပါသည်[1]။ မြောက်ပိုင်းတွင် နှင်းလျောစီး၍ တောင်ပိုင်းမှာတော့ နိုင်ငံတောင်ပိုင်းရှိကမ်းခြေအလှကို ခံစားနိုင်ပါသည်။ ထို့အပြင် ဂျပန်နိုင်ငံသည် ပတ်ပတ်လည်တွင်ပင်လယ်ကာရံထား၍ မြေပြန့်အလွန်နည်းပါးပြီး နိုင်ငံမြေဧရိယာ၏ သုံးပုံနှစ်ပုံခန့်မှာ သစ်တောများဖြင့်ဖုံးလွှမ်းထားပါသည်။ မြို့ပြကြီးများသည် မြေပြန့်တွင် တစ်စုတစည်းတည်းတည်ရှိနေသည့်အတွက် နယ်မြို့လေးများသို့သွားမည်ဆိုပါက ပင်လယ်၊ တောင်တန်းများနှင့်ဆက်စပ်သော စားသောက်ဖွယ်ရာများနှင့် အပန်းဖြေမှုကို များစွာခံစားရရှိ နိုင်ပါသည်။

ဂျပန်နိုင်ငံတွင် ပြုစုစောင့်ရှောက်ရေးဝန်ထမ်းအဖြစ်အလုပ်လုပ်ကိုင်ရန် စိတ်ပါဝင်စားမှုရှိပါက ဂျပန်နိုင်ငံ၏မြေပိုင်နက်နှင့်ပတ်သက်၍ တစ်ကြိမ်တစ်ခါလောက် ရှာဖွေလေ့လာကြည့်ပါ။

ပဟေဠိမေးခွန်း ။  ။ ဂျပန်နိုင်ငံတွင် ကျွန်းကြီး ၄ကျွန်းတည်ရှိပြီး ထိုကျွန်းများအပြင် လူသူမရှိသောကျွန်းများကိုပါထည့်သွင်းရေတွက်ပါက ကျွန်းပေါင်းမည်မျှရှိပါသနည်း။

အဖြေ-အေ။         ။ ၆,၈၅၂ ကျွန်း (၂၀၁၅ ခုနှစ် သန်းခေါင်စာရင်းစစ်တမ်းရလာဒ်အရ)

[1] 一般財団法人 国土技術研究センター「国土を知る / 意外と知らない日本の国土」Japan Institute of Country-ology and Engineering “Know the Land/The Unexpected and Unknown of Japan’s Land”

 

နယ်ဒေသများ၏ဆွဲဆောင်မှု

ဂျပန်နိုင်ငံသည် စီးပွာရေးအင်အားတောင့်တင်းမှုနှင့်နှိုင်းယှဉ်လျှင် နိုင်ငံ့မြေပိုင်နက်ဧရိယာသည် အလွန်သေးငယ်သောနိုင်ငံဖြစ်သည်။ ထို့အတွက်ကြောင့် နိုင်ငံတွင်းလမ်းပန်းဆက်သွယ်ရေး ကွန်ယက်မှာ ဖွံ့ဖြိုးတိုးတက်လျှက်ရှိပြီး လေယာဉ်၊ ရထား၊ ကား၊ ဘတ်စ်ကားစသည်တို့ဖြင့် လွယ်လင့်တကူရွေ့လျားသွားလာနိုင်ပါသည်။ နယ်မြို့များတွင် အလုပ်လုပ်ရသည်ဟုဆိုသော်ငြား အားလပ်ရက်များတွင် ဂျပန်တစ်နိုင်ငံလုံးသို့ အပျော်ခရီးထွက်ခြင်း၊ အနီးအနားရှိမြို့ကြီးတွင် ဈေးဝယ်ထွက်ခြင်းမျိုးပြုလုပ်နိုင်ပါသည်။ တဖန် အံ့ဩသွားမလားမဆိုတတ်ပေမယ့် အွန်လိုင်းရှော့ပ်မှ ကုန်ပစ္စည်းများဝယ်ယူပါက နောက်တစ်ရက်တွင်ချက်ခြင်း ပို့ဆောင်ပေးသည့်ဝန်ဆောင်မှုဟာလည်း ဂျပန်နိုင်ငံတွင် အများအပြားရှိပါသည်။ နယ်တွင်နေထိုင်နေရသည်ဟုဆိုသော်လည်း နေ့စဉ်သုံး ပစ္စည်းများကြောင့် အခက်တွေ့ရသည်ဟူသောကိစ္စရပ်မျိုးဂျပန်နိုင်ငံတွင် မရှိသလောက်ရှားပါသည်။

ထိုတွင်သာမက ဂျပန်နိုင်ငံနယ်ဒေသများ၏ဆွဲဆောင်မှုဆိုရာတွင် မည်သို့ပင်ဆိုစေကာမူ ထိုဒေသ၏ သဘာဝပတ်ဝန်းကျင်ပင်ဖြစ်သည်။ အနီးအနားတွင် ပင်လယ်နှင့်တောင်တန်းများ၊ မြစ်ချောင်းများ စသည်တို့ရှိပြီး ရှုခင်းသာယာလှပသောနယ်မြို့များစွာတည်ရှိပါသည်။ ထို့အပြင် နယ်မှာတွင်သာ ရှိသည့်ယဉ်ကျေးမှုနှင့်အစားအစာများကိုလည်း ခံစားနိုင်ပါသေးသည်။ ဂျပန်နိုင်ငံတွင် အလုပ် လုပ်ကိုင်နေသည့် ဖိလစ်ပိုင်မှ အန်နီက “နယ်မှာက ရှုခင်းအရမ်းလှပါတယ်။ သဘာဝတရားရဲ့ လွှမ်းခြုံထားမှုများစွာရှိပြီး ပျော်ရွှင်ကြည်နူးနိုင်ပါတယ်။ မြို့ကြီးပြကြီးတွေမှာက တောတောင်နှင့် လယ်ကွင်းတွေနည်းပါးပြီး ရေပူစမ်းလည်းမရှိပါဘူး။ နယ်မှာက နာမည်ကြီးတဲ့အရာတွေအများကြီး ရှိတဲ့အပြင် စားသောက်ဖွယ်ရာနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းတွေ၊ နယ်တွေမှာသာရှိတဲ့ပွဲတော် အစရှိတာတွေကို ပျော်ရွှင်နိုင်ပါတယ်။ ကျွန်မကတော့ နစ်ကိုးကတို့ဟူးခြောက် (tofu skin) နှင့် အိုခီနာဝါဟင်းလျာတွေကို ကြိုက်ပါတယ်” ဟု ပြောပြပေးခဲ့ပါသည်။

 

နယ်မြို့များတွင် အလုပ်လုပ်ကိုင်ခြင်း

မြို့ကြီးပြကြီးများတွင်အလုပ်လုပ်ကိုင်မလား၊ နယ်မြို့များတွင်အလုပ်လုပ်ကိုင်မလားဆိုသည်မှာ လူအမျိုးမျိုးပေါ်မူတည်၍ စဉ်းစားတွေးခေါ်ပုံကွဲပြားပါလိမ့်မည်။ မြို့ပြကြီးများ၏နေထိုင်မှုဘဝသည် စိတ်လှုပ်ရှားတက်ကြွဖွယ်ကောင်းသော်လည်း လူအရမ်းများပြီး ကုန်ဈေးနှုန်းလည်းမြင့်မားပါသည်။ အခြားတစ်ဖက်တွင် နယ်မြို့များသည် သဘာဝပတ်ဝန်းကျင်ကောင်းမွန်၍ အိမ်ငှားခစသည့် ကုန်ဈေးနှုန်းလည်း သက်သာသည်ကများပါသည်။ ဂျပန်နိုင်ငံ၏နယ်မြို့ဖြစ်သော အိုအိတတွင် အလုပ်လုပ်နေခဲ့သော နီပေါမှ မစ္စတာ မာနီ ဂယာဝါလီက အခုလိုပြောပြပါသည်။ “အကြောင်းရင်း အမျိုးမျိုးကြောင့် တိုကျိုနှင့်အိုဆာကာမှာလည်း နေခဲ့ဖူးပါတယ်။ မြို့နှစ်မြို့လုံးက မြို့ပြကြီးတွေ ဖြစ်ပြီး အရမ်းကောင်းတဲ့နေရာဆိုပေမယ့် ကိုယ်ကိုယ်တိုင်က နယ်မှာနေရတာကို သဘောကျခဲ့တာ။ ဘာကြောင့်လဲဆို အလုပ်လုပ်ရတဲ့ဝန်းကျင်နှင့် လူမှုဆက်ဆံရေးကောင်းမွန်တယ်လို့ ခံစားခဲ့ရလို့ပါ။ နယ်မြို့တွေမှာက မြို့ပြကြီးတွေနဲ့မတူဘဲ လူမှုဆက်ဆံရေး၊ ဥပမာ- ပြောဆိုဆက်ဆံရေးနှင့် အပြန်အလှန်ကူညီရိုင်းပင်းတဲ့ယဉ်ကျေးမှုကို အလေးထားတယ်လို့ထင်ပါတယ်။ နယ်ကလူတွေက မသိတဲ့သူဘယ်သူ့ကိုမဆို ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီပေးလိုက်မယ်ဆိုတဲ့စိတ်မျိုးပိုင်ဆိုင် ထားကြတယ်လို့ခံစားမိပါတယ်။ နောက်ပြီး နယ်မြို့တွေမှာလည်း မြို့ကြီးတွေနှင့်အတူတူပဲ နေထိုင်စားသောက်ရာမှာ လိုအပ်တဲ့ဟာတွေ အကုန်ဝယ်လို့ရတဲ့အတွက် ပျော်ပျော်ရွှင်ရွှင်နှင့် စိတ်အေးလက်အေးဖြစ်တဲ့ဝန်းကျင်မှာ အလုပ်လုပ်လို့ရပါတယ်”

 

သဘာဝဘေးအန္တရာယ်များပြားသောဂျပန်နိုင်ငံ

နောက်ဆုံးအကြောင်းအရာကတော့ ဂျပန်နိုင်ငံ၏သဘာဝဘေးအန္တရာယ်များအကြောင်းပင်ဖြစ်ပါသည်။ ပင်လယ်၊ တောင်တန်းများနှင့် နီးကပ်နေသည့်အကြောင်းကြောင့် နယ်မြို့များတွင် သဘာဝဘေးအန္တရာယ်ကို စိုးရိမ်မိကြမည့်သူရှိလိမ့်မည်ထင်ပါသည်။ ဂျပန်နိုင်ငံတွင် မြို့ပြ၊ နယ်မြို့ မခွဲခြားဘဲ မည်သည့်နေရာတွင်မဆို သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်မှုမှာ လွန်စွာ အရေးပါလှပါသည်။ မုန်တိုင်း၊ မိုးကြီးခြင်း၊ ဆီးနှင်းထူထပ်စွာကျခြင်း၊ ငလျင်၊ ဆူနာမီလှိုင်း၊ မီးတောင်ပေါက်ကွဲခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပါသည်။ အားလုံးပဲ ၂၀၁၁ ခုနှစ် မတ်လတွင်ဖြစ်ပွားခဲ့သည့် အရှေ့မြောက်ပိုင်းငလျင်၊ဆူနာမီနှင့်ပတ်သက်သောသတင်းစသည်တို့အား သိရှိထားပြီးဖြစ်ပါလိမ့်မည်။ ထို့အတွက်ကြောင့် နိုင်ငံတော်နှင့် ဒေသအာဏာပိုင်များ၊ လုပ်ငန်း အဆင့်များဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်မှုများကို ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။ ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်လျှင် သတ်မှတ်ထားသည့်ကာလ၌ သဘာဝဘေး အန္တရာယ်ကာကွယ်လေ့ကျင့်ရေးကို တွေ့ကြုံဖူးကြလိမ့်မည်ထင်ပါသည်။

ငလျင်စသည်တို့အားပထမဦးဆုံးအကြိမ် တွေ့ကြုံရသောအခါ အလွန်ပင်ကြောက်ရွံ့ထိတ်လန့် ကြသည်ဟုဆိုကြပါသည်။ ‌အောက်ပါလင့်ခ်မှတဆင့် ဂျပန်နိုင်ငံ၏ ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ရှာဖွေလေ့လာထားခြင်းဟာ ကောင်းမွန်ပါလိမ့်မည်။

Cabinet Office Japan အစိုးရအဖွဲ့ရုံး။။ http://www.bousai.go.jp/index-e.html
JNTO (Japan National Tourism Organization) ဂျပန်နိုင်ငံအမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့အစည်း https://www.jnto.go.jp/safety-tips/eng/index.html